စာကျက်နည်း
စာကျက်နည်း
① Vocab ဘယ်လိုကျက်ရမလဲ?
② Kanji မှတ်မိအောင် ဘယ်လိုကျက်ရမလဲ?
③ Grammar မှတ်မိအောင်ဘယ်လိုလေ့ကျင့်မလဲ?
④ Listening ဘယ်လိုလေ့ကျင့်ရမလဲ
⑤ စကားပြောရဲအောင် ဘယ်လိုလေ့ကျင့်ရမလဲ?
① Vocab ဘယ်လိုကျက်ရမလဲ?
Vocab ဆိုတာ ဘာသာစကားတစ်ခုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဝေါဟာရကြွယ်ဝမှ တစ်နည်းအားဖြင့် စာလုံးတွေကိုသိထားမှ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ စာဖတ်စွမ်းရည်၊ နားထောင်စွမ်းရည်၊ စကားပြောစွမ်းရည်တွေလည်း တိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်ပါ။
စာလုံးတွေအများကြီး မှတ်မိနေဖို့က စာကျက်တာအပြင်၊ ဒီဘာသာစကားအပေါ်မှာ စိတ်ပါဝင်စားမှုဆိုတဲ့ စိတ်လေးပါရှိနေဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ စာအုပ်ထဲမှာ လေ့လာထားတဲ့ စာလုံးက ၁၀၀ ရှိတယ်ဆိုရင် Fb ပို့စ်လေးတစ်ခုမှာ တွေ့လို့ မှတ်လိုက်တဲ့စာလုံး၊ shopping လုပ်ရင်း သိလာတဲ့ စာလုံး၊ ရုံးက လူကြီးပြောလို့ မသိပေမယ့် ရှာကြည့်ပြီး မှတ်မိသွားတဲ့ စာလုံး စသဖြင့်ပါ။ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ထားတဲ့ စာလုံးတွေက အခြားသူတွေ ဘာသာပြန်ပေးထားတဲ့ စာလုံးတွေကို မှတ်တာထက်ပိုမှတ်မိတာမလို့ အစပိုင်းမှာ အချိန်ကြာကောင်းကြာနိုင်ပေမယ့် ရေရှည်မှာ ကိုယ့်အတွက် အသုံးအများကြီး ဝင်ပါတယ်။ သိချင်တာတစ်ခုခုရှိရင် အခြားသူကိုအရင်မေးတာထက် ကိုယ်တိုင်ကြိုးစားရှာဖွေကြည့်ပါ။
စာကျက်ပါ၊ စာတွေကို မှတ်ပါ။ စာလုံးတွေအများကြီး မှတ်မိလာပါလိမ့်မယ်။
② Kanji မှတ်မိအောင် ဘယ်လိုကျက်ရမလဲ?
ချရေးပြီးကျက်ပါ။ ထပ်ခါထပ်ခါ/ ခဏခဏကျက်ပါ။ တစ်ခါတည်းအများကြီးမှတ်တာထက် စာကြောင်းတွေကြိုးစားဖတ်ကြည့်ပြီး လိုက်မှတ်ကြည့်ပေးပါ။ အစိတ်အပိုင်းတူတာလေးတွေနဲ့ တူတူမှတ်ကြည့်ပါ။
③ Grammar မှတ်မိအောင်ဘယ်လိုလေ့ကျင့်မလဲ?
ဂျပန်ဘာသာစကားရဲ့ Grammar Pattern က မြန်မာစကားနဲ့ ဆင်တာများတဲ့အတွက် ကြိုးစားပြီးမှတ်နိုင်ရင် အရမ်းမခက်ခဲပါဘူး။ Grammar တွေအများကြီး မှတ်မိအောင်ရယ်၊ ပြန်လည်အသုံးပြုနိုင်ဖို့ရယ်က စာကြောင်းဝါကျတွေကိုယ်တိုင်ဖွဲ့ကြည့်တာရယ်၊ စာပိုဒ်တွေများများဖတ်တာရယ်က ပိုပြီး သဘာဝကျတဲ့ Grammar လေးတွေကို မှတ်မိစေနိုင်မှာပါ။
④ Listening ဘယ်လိုလေ့ကျင့်ရမလဲ
စကားပြောတဲ့အခါ ကိုယ်သိထားတဲ့စာလုံးလေးတွေနဲ့ နားလည်လွယ်အောင်ဖန်တီးပြောလို့ရပေမယ့် သူတို့ပြောတာတွေကြားဖို့က ကျွန်တော်တို့အနေနဲ့ ဝေါဟာရတွေအများကြီး သိထားဖို့လိုအပ်ပါတယ်။ Vocab အများကြီးသိထားလေ Listening ကောင်းလေပါပဲ။ ဒါ့အပြင် စကားဝိုင်းထဲမှာ ပါလာမည့် အခြေအနေ၊ ပြင်ပဗဟုသုတတွေလည်း သိထားဖို့ လိုအပ်သေးတာဖြစ်တဲ့အတွက် စာတွေကျက်၊ စာတွေဖတ်ခြင်းဖြင့်လည်း Listening စွမ်းရည်တွေမြင့်တက်လာမှာဖြစ်ပါတယ်။ စာမေးပွဲခန်းထဲမှာလို ထိုင်ပြီး အစအဆုံးနားထောင်တာထက် ရုပ်ရှင်၊ သီချင်း၊ သတင်းစတာတွေကို နားထောင်ခြင်းဖြင့်၊ နားမထောင်သော်လည်း ဖွင့်ထားခြင်းဖြင့် အဲ့ဒီဘာသာစကားရဲ့ အကြားစွမ်းရည်တွေကို မသိမသာလေးမြှင့်တင်ပေးနိုင်ပါတယ်။
⑤ စကားပြောရဲအောင် ဘယ်လိုလေ့ကျင့်ရမလဲ?
မကြောက်ပါနဲ့ ပြောပါ။ ကျွန်တော်တို့ မိခင်ဘာသာစကားကိုတောင် ကျွမ်းကျင်အောင်ပြောနိုင်ခြင်း မပြောနိုင်ခြင်းက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက်ကြောင့် နိုင်ငံခြားဘာသာစကားကိုပြောတဲ့အခါမှာလည်း ကျွမ်းကျင်ပုံခြင်းက မတူနိုင်ပါဘူး။ ဘာသာစကားလေ့လာခြင်းရဲ့ အဓိကရည်ရွယ်ချက်က တစ်ဖက်လူနဲ့ Communicate လုပ်နိုင်ဖို့ဖြစ်တဲ့အတွက် မကြောက်ဘဲ ထုတ်ပြောကြည့်ခြင်းက အများကြီး အထောက်အကူပြုပါလိမ့်မယ်။ နောက်တစ်ခုကအကြောင်းအရာတစ်ခုကို ဦးနှောက်ထဲမှာ မြန်မာလိုအရင်စဉ်းစားပြီး ပြောတာမျိုးမဟုတ်ဘဲ ဂျပန်လိုလေး တဖြည်းဖြည်းပြောင်းစဉ်းစားကြည့်ခြင်းဖြင့်လည်း သဘာဝကျတဲ့ ဂျပန်စာကြောင်းလေးတွေ ထုတ်ပြောလို့ရမှာဖြစ်ပါတယ်။

コメント
コメントを投稿